စာဖတ်ပျော်တဲ့ ကလေးတွေဖြစ်ဖို့
စာဖတ်ပျော်တဲ့ ကလေးတွေဖြစ်ဖို့
မေမေတို့ရေ
ကိုယ့်ကလေးလေးကို စာဖတ်ရတာ ဝါသနာပါပြီး ပျော်တဲ့ သူလေးဖြစ်စေချင်ကြလားရှင်။
စာဖတ်နေတဲ့ ကလေးလေးတွေရဲ့ ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ Facebook မှာ တက်လာရင် ချစ်လွန်းလို့ အမြဲကြည့်မိပြီး ကိုယ့်ကလေးလေးလည်း ဒီလိုစာဖတ်ပျော်တဲ့ သူမျိုးလေး ဖြစ်စေချင်လိုက်တာလို့ တွေးမိကြတယ်မို့လား။
စာဖတ်ပျော်တဲ့ ကလေးလေးတွေဖြစ်ဖို့ လုပ်ပေးရမယ့် အချက်လေး (၅)ချက်ကို မျှဝေပေးချင်ပါတယ်။
၁။ ဗိုက်ထဲမှာကတည်းက စာဖတ်ပြပါ။
ဗိုက်ထဲက ကလေးလေးက 16-22 ပတ် အရွယ် အတွင်းမှာ မေမေ့ရဲ့ နှလုံးခုန်သံလေးကို စပြီး ကြားနိုင်နေပါပြီ။ 23 ပတ် အရွယ်ကို ရောက်လာတဲ့အခါမှာတော့ ပြင်ပက အသံတွေကို ကြားနိုင်လာပြီမို့ မေမေက စာလေးတွေ ကဗျာလေးတွေ စ ပြီး ဖတ်ပြလို့ရပါပြီ။ ကလေးလေးကို အသံသာယာတဲ့ ကဗျာလေးတွေ ရွတ်ပြတာက သူ့ရဲ့ ဦးနှောက်စွမ်းရည်နဲ့ ဘာသာစကားစွမ်းရည် တိုးတက်ဖို့ အထောက်အကူဖြစ်စေပါတယ်။ မေမေတို့ရွတ်ပြဖို့အတွက် ဆရာတင်မိုးနဲ့ ဆရာမင်းယုဝေရဲ့ ကဗျာလေးတွေကို ညွှန်းချင်ပါတယ်။
၂။ အသက်အရွယ်နဲ့ သင့်လျော်တဲ့ စာအုပ်လေးတွေ ဝယ်ပေးပါ။
မွေးစကနေ ၆လအရွယ်အထိ အဝတ်စာအုပ်လေးတွေ ဝယ်ပေးပါ။ အဝတ်စာအုပ်လေးတွေက လျှော်ဖွပ်လို့ ရပြီး
စာရွက်လိုလည်း မစုတ်ပြဲလွယ်ပါဘူး။ ကလေးလေးအတွက် မတူညီတဲ့ အထိအတွေ့အသစ်လေးကို ထိတွေ့ခွင့်ရစေတယ်။ အသံမြည်တဲ့ အရုပ်စာအုပ်လေးတွေဆို အူယားပြီး ညှစ်မယ်။ စာအုပ်မှာပါတဲ့ အကောင်လေးတွေ၊ အသီးလေးတွေကို ကလေးလေးက ကိုယ်တိုင် ထိတွေ့ကိုင်တွယ် ကြည့်မယ်။ မေမေက ''ဒါလေးက ဝက်ကလေး၊ ဒါလေးက ပန်းသီးပင်ပေါ့ ကလေးလေးလေးရေ
'' စသဖြင့် ရှင်းပြပါ။ မေမေ့ကိုယ်ပိုင် ဇာတ်လမ်းလေးတွေ တီထွင်ပြီးလည်း ပြောပြလို့လည်းရပါတယ်။
၆လ ကျော်လာရင်တော့ Board book လို့ခေါ်တဲ့ ကတ်ထူအမာစာအုပ်လေးတွေဝယ်ပေးရမယ့် အရွယ်ပါ။ စာအုပ်ထဲက ပုံပြင်လေးတွေကို မေမေက ပျော်ပျော်ရွှင်ရွှင်ဖတ်ပြပါ။ ကလေးလေးကို ကိုယ်တိုင်လှန်ကြည့်ပါစေ။ သွားပေါက်စပြုလာတဲ့အရွယ်မို့ တခါတလေလည်း စာအုပ်တွေကို ကလေးလေးက ကိုက်ချင် ကိုက်နေပါလိမ့်မယ်။ ကလေးလေးကို စာအုပ်ကို မကိုက်ဖို့ပြောပြီး သူ့အတွက် သွားဖုံးယားရင်ကိုက်ဖို့ Teether လေး ပေးပါ။ စာအုပ်မှာပါတဲ့ ပုံလေးတွေကို ထောက်ပြပြီး ''ဒါလေးက အနီရောင် အရုပ်လေးနော်၊ ဒါကတော့ ပန်းရောင်ကိတ်မုန့်လေးပေါ့'' စသဖြင့် အရောင်လေးတွေနဲ့ ပစ္စည်းလေးတွေကို တွဲပြီး ပြောပြပေးပါ။
၃။ ညအိပ်ရာဝင်ချိန်တိုင်း စာဖတ်ပြပါ။
ညအိပ်ရာဝင်ချိန်တိုင်း ပုံပြင်ပြောပြပြီး သိပ်တာက ကလေးလေး စာဖတ်ဝါသနာပါစေဖို့ အရမ်းအရေးကြီးပါတယ်။ မေမေတို့အတွက်လည်း သိပ်ရလွယ်ကူစေပါတယ်။ သွားတိုက်၊ ကိုယ်လန့်သန့်စင်ပေး၊ ညအိပ်ဝတ်စုံလေးလဲပေးပါ။ ကြိုက်တဲ့ စာအုပ်လေးတွေရွေးတတ်တဲ့ အရွယ်ရောက်တာနဲ့ စပြီး ရွေးခိုင်းပါ။ ကလေးလေးကိုယ်တိုင်ရွေးထားတဲ့ စာအုပ်ထဲ
ပုံပြင်၊ ကဗျာလေးတွေနားထောင်ရင်း ပျော်ပျော်ရွှင်ရွှင် အိပ်တဲ့ကလေးလေးတွေက ညဘက်လန့်နိုးတာမျိုး ယောင်ပြီးငိုတာမျိုး နည်းပါးပါတယ်။
ကလေးလေးတွေကိုဖတ်ပြဖို့အတွက် ဝယ်သင့်တဲ့ စာအုပ်လေးတွေအနေနဲ့ကတော့ ဉာဏ်ကြီးရှင် စာအုပ်တိုက်ကထုတ်တဲ့ ဉာဏ်ကြီးရှင်ပုံပြင်များ၊ Third Story က ထုတ်တဲ့ ပုံပြင်လေးတွေ နဲ့ ဒေါက်တာမေမွန် ရေးတဲ့ ပုံပြင်လေးတွေကို ညွှန်းချင်ပါတယ်။
၄။ မေမေကိုယ်တိုင် စာဖတ် ဝါသနာပါပါစေ။
စာဖတ်နေတဲ့ မေမေ့ကို မြင်ရတဲ့ ကလေးလေးတွေက စာဖတ်ဖို့ကို ပိုပြီး စိတ်ဝင်စားပါတယ်။ ကလေးလေးတွေ မေမေ့အပြုအမူလေးတွေကို ကြည့်ပြီး သင်ယူနေကြတာပါ။ ဒါကြောင့် အိမ်မှာ မေမေကိုယ်တိုင် စာဖတ်ပြဖို့ လိုပါတယ်။
၅။ ကလေးလေး ကိုယ်တိုင်ဖတ်ဖို့ အားပေးပါ။ ချီးကျူးစကားဆိုပြီး ဆုချပါ။
ကလေးလေး ၃နှစ်ကျော်အရွယ်ရောက်လာချိန်မှာ အမှန်တကယ် စာမဖတ်နိုင်သေးပေမယ့် မေမေဖတ်ပြနေကျ ကဗျာလေးတွေ ပုံပြင်အတိုလေးတွေကို သူမှတ်မိသမျှ လက်လေးနဲ့ထောက်ပြီး ပြန်ဖတ်ပြတတ်လာပါပြီ။ ဒီအချိန်မှာ မေမေက သေချာနားထောင်ပေးပြီး ''ဟယ် ကလေးလေးက ကိုယ်တိုင်ဖတ်တတ်နေပြီပဲ။ တော်လိုက်တာ။ မေမေက စတစ်ကာ တစ်ခုကပ်ပြီး ဆုချမယ်။ အာဘွား တစ်ခါ ပေးမယ်ကွာ။'' စသဖြင့် ချီးမွမ်းပြောဆိုပေးပါ။ ရံဖန်ရံခါ သူကြိုက်တဲ့ မုန့်လေးတွေ အရုပ်လေးတွေကို ဆုအဖြစ် ပေးပါ။ အမှန်တကယ် စာဖတ်တတ်လာတဲ့ ၅ နှစ် ၆နှစ် အရွယ်မှာ သူတို့ကြိုက်တဲ့ စာအုပ်လေးတွေ ဝယ်ပေးပါ။ မေမေက ကူညီဖတ်ပြပေးပါ။ တဖြည်းဖြည်းနဲ့ ကိုယ်တိုင်ဖတ်နိုင်လာပြီး စာဖတ်ဝါသနာပါသူလေး ဖြစ်လာပါလိမ့်မယ်။
ဒီအချက် (၅) ချက်ကို သေချာလေး လုပ်ကြည့်ပါနော်။
စာဖတ်ပျော်တဲ့ ကလေးလေးတွေက ဘာသာစကား စွမ်းရည်ကောင်းပြီး စကားကိုချက်ကျလက်ကျ ပြောတတ်၊ လိုချင် ရချင်တာတွေကို ရှင်းရှင်းလင်းလင်း တောင်းဆိုတတ်၊ ဗဟုသုတကြွယ်ဝပြီး အကျိုးအကြောင်းရှင်းပြ ပြောပြရင် နားလည်လွယ်တတ်တဲ့ သူလေးတွေဖြစ်လာကြမှာ သေချာပါတယ်။ ကိုယ်တိုင် စာဖတ်တတ်လာတဲ့အတွက် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ဘာသာစကားအမျိုးမျိုးကို သင်ယူလေ့လာလွယ်တဲ့ လူငယ်လေးတွေအဖြစ် ကြီးပြင်းလာကြမှာမို့ စာဖတ်ဝါသနာပါဖို့ ပြုစုပျိုးထောင်ပေးကြပါစို့နော်။
မေမေတို့ရော ကလေးလေးတွေ စာဖတ်ပျော်ဖို့
ဘယ်အချက်လေးတွေ လုပ်ဖြစ်ကြလဲ ဆိုတာ ပြောပြသွားပါဦးနော်။
ရေးသားသူ - Mom Content Writer (Khaing Kyu Thinn)
#စာဖတ်ပျော်ဖို့
#စာဖတ်ဝါသနာ