ကလေးငယ်နှင့် အိမ်သာအလေ့အကျင့်
Potty Training အလေ့အကျင့်
Potty Training ဆိုတာဘာလဲ။
Potty Training ဆိုတာ အသက် ၁-၂နှစ်အရွယ် ကလေးလေးတွေကို အိမ်သာတက်ခြင်း အလေ့အကျင့်ရအောင် စတင်လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။
Potty Training ကိုဘယ်အသက်အရွယ်ကစလို့ လုပ်ဆောင်နိုင်သလဲ။
ပုံမှန်အားဖြင့် Toddler ခေါ် အသက် ၁-၂နှစ်ဝန်းကျင် သားသားမီးမီးတို့ဟာ သူတို့ရဲ့ အပေါ့အလေးသွားတဲ့အခါ မေမေ့ကို အမူအရာဖြင့်ဖြစ်စေ အသံဖြင့်ဖြစ်စေ ဖော်ပြတတ်ကြပါတယ်။ ထိုသို့ဖော်ပြပြီဆိုလျှင် Potty Training ကို စတင်လေ့ကျင့်ပေးလို့ရပါပြီ။
Potty Train ဖို့ဘာတွေလိုမလဲ။
Potty Training အလေ့အကျင့်ဟာ မေမေကော ကလေးပါ အတူတကွ လေ့လာဆောင်ရွက်ရမယ့် အလေ့အကျင့်ပါ။
ကလေးရဲ့ အမူအရာ နဲ့ ဆီးဝမ်းအလေ့အကျင့်ကို မေမေက စောင့်ကြည့်ရသလို ၊
သားသားမီးမီးတို့ကလည်း အိမ်သာတက်ခြင်း အလေ့အကျင့် ကို စတင်လေ့လာရတာဖြစ်ပါတယ်။
လိုအပ်တာတွေက-
1. Potty အိုး
2. ဘောင်းဘီအထည်များများ
3. သောက်စရာ အရည်မျိုးစုံ
4. ဆုချစရာ အရုပ် ပစ္စည်းလေးတွေပါ။
Potty Train နည်းကို တစ်ဆင့်ခြင်းစီကြည့်လိုက်ရအောင်
1. အရင်ဦးဆုံး Diaperဝတ်ပေးမယ့်အစား ဘောင်းဘီပွပွလေးတွေ ဝတ်ဆင်ပေးပါ။ ဘောင်းဘီလေးတွေက ကလေးစိတ်ဝင်စားစေမယ့် အရုပ်လေးတွေပါရင် ပိုကောင်းပါတယ်။
2. ဝတ်ပေးနေရင်း “မေမေတို့ ဒီနေ့ ဒီဘောင်းဘီလေးကို ခြောက်အောင်ထားကြမယ်နော်၊ အီအီး ရှူရှူးဆို မေမေ့ကို ပြောနော်” ဟု သေချာပြောပြပေးပါ။
3. လေ့ကျင့်ပေးတဲ့ရက်အတွင်း ကလေးကို ရေ ၊နွားနို့၊ အသီးဖျော်ရည် အစရှိသဖြင့် တိုက်နိုင်ပါတယ်။ အရည်များများဝင်ပြီး အိမ်သာခဏခဏတက်ဖို့ အဓိကပါ။
4. သားသားမီးမီးရဲ့ ဝမ်းသွားခါနီး အမူအရာလေးတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။
5. အမူအရာပြလာပြီဆိုတာနဲ့ အိမ်သာထဲကို ခေါ်သွားပြီး Potty ခုံတွင်ထိုင်ခိုင်းပါ။ ဒါဟာ အီအီးရှူရှူးဟာ အိမ်သာထဲတွင်လုပ်ရပါလားဆိုတဲ့ အသိကို ရစေပါတယ်။
6. စစချင်းမှာတော့ အိမ်သာကို အမှီမရောက်တာ ပေါက်ချတာတွေဖြစ်မှာပါ။ ထိုအခါတွင် စိတ်ဓာတ်မကျပါနဲ့ ၊အားပေးစကားပြောပေးပါ။
7. အောင်မြင်သွားတဲ့အခါ ဆုချပေးပါ။ Pottyတွင်အပေါ့အလေး တစ်ခါသွားပြီးတိုင်း “တော်လိုက်တာ” “မေမေတို့ တူတူလုပ်နိုင်ခဲ့ပြီ” အစရှိသဖြင့် ချီးမွမ်းပေးပါ။
ဒါလောက်ဆိုရင် မေမေတို့ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Potty Training ဘာကြောင့်လုပ်သင့်သလဲ။
ကလေးငယ်တွေရဲ့ Developmental milestone ကြီးထွားဖွံ့ဖြို့မှု ဖြစ်စဉ်မှာ Potty Training ဟာ အရေးပါတဲ့ အဆင့်တစ်ခုပါ။
Potty Train ခြင်းအားဖြင့် ကလေးဟာ မှန်ကန်တဲ့ဝမ်းအလေ့အကျင့်ရမယ်၊ မိမိကိုယ်ကိုယ် ယုံကြည် အားတက်လာပြီး ကိုယ့်အားကိုယ်ကိုးတက်လာမှာဖြစ်ပါတယ်။
သတိထားရမှာကတော့ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကြီးထွားမှုနှုန်းလေး ကွာဟနိုင်လို့ တစ်ခါလေ့ကျင့်ပေးရုံ ဖြင့် မအောင်မြင်ရင် စိတ်ဓာတ်မကျပါနဲ့နော်။ သားသားမီးမီးတို့ ready ဖြစ်တဲ့အထိလေ့ကျင့်ပေးဖို့လိုပါတယ်။
ဒီစာလေးကို ဖတ်ပြီး မေမေတို့အတွက်လည်း များစွာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ Potty Train ဖူးတဲ့မေမေတို့ကလည်း အတွေ့အကြုံလေးတွေ ပြန်ပြီး မျှဝေပေးခဲ့ပါဦးနော်။
ရေးသားသူ- Shu Tai Yin Aung(Mom Content Writer)