ကလေးတွေကိုစာရေးတတ်ဖို့ ဘယ်လိုလေ့ကျင့်ပေးသင့်လဲ?

စာရေးတတ်ဖို့ မှန်မှန်ကန်ကန် လေ့ကျင့်ပေးကြစို့

မိဘတိုင်းကတော့ ကလေးလေးတွေကို စာဖတ်တတ်၊ ရေးတတ်ဖို့ ဆန္ဒရှိကြတာပါပဲ။ ဘယ်အချိန်မှာစပြီး ဘယ်လိုနည်းလမ်းတွေနဲ့ သင်ပေးသင့်ပါသလဲ။ အသက်၂နှစ်ခွဲ ၃နှစ်အရွယ်ကလေးလေးကို ခဲတံကိုင်ပြီး လက်ရေးလှကျင့်ခိုင်းတာမျိုးကရော လုပ်သင့်ပါသလား။ အခုအချိန်မှာ Homeschooling လုပ်တဲ့မေမေတွေလည်း အများကြီးရှိလာပြီမို့ စာရေးတတ်ဖို့ ဘယ်လို လေ့ကျင့်ပေးသင့်လဲဆိုတဲ့ အကြောင်းအရာလေးကို မျှဝေပါရစေရှင်။

Fine Motor Skill

ကလေးလေးရဲ့လက်ချောင်းကြွက်သားတွေ သန်မာအောင် အရင်ဆုံးလေ့ကျင့်ပေးရပါမယ်။ ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ရောင်စုံဂျုံလေးတွေကိုနယ်ပြီး ကစားခြင်း၊ ဖော့တုံးကို အသုံးပြု​ပြီး ဇလုံတစ်ခုထဲက ရေကို အခြားဇလုံတစ်ခုထဲ ညှစ်ထည့်ခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ စာရေးမသင်ခင်မှာ fine motor skill ကောင်းမွန်အောင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်ရှင်။

Pencil Grip

လက်ချောင်းကြွက်သားလေးတွေ သန်မာလာပြီဆိုရင် ခဲတံကို မှန်မှန်ကန်ကန်ကိုင်တွယ်တတ်ဖို့ သင်ပေးရပါမယ်။ Tripod grip ပုံစံနဲ့ ကိုင်ခိုင်းရပါမယ်။ ဒီလိုကိုင်တတ်ဖို့ သင်ပေးတဲ့အခါမှာ crayon ကြီးကြီးတွေနဲ့ စပြီးသင်ပေးရပါမယ်။ ကလေးအသက်ငယ်လေ ဆိုဒ်အကြီးကို သုံးဖို့ လိုအပ်လေပါပဲရှင်။ ဆိုဒ်အကြီးတွေကိုမှန်မှန်ကန်ကန် ကိုင်တတ်ပြီဆိုမှ တဖြည်းဖြည်း ဆိုဒ်အသေးလေးတွေနဲ့ လေ့ကျင့်ပေးမယ်ဆိုရင် ခဲတံကို သေသေချာချာ မှန်ကန်စွာ ကိုင်တတ်သွားပါလိမ့်မယ်ရှင်။

Gross Motor Skill

Gross motor skill ဆိုတာကတော့ ကလေးလေးက သူ့ရဲ့ခန္ဓာကိုယ်ကို ရွေ့လျားနိုင် သေချာထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပါ။ စာရေးခုံမှာထိုင်ပြီး စာရေးနိုင်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကြွက်သားကြီးငယ်တွေက သန်မာရပါမယ်။ ကလေးကိုယ်တိုင်က မိမိရဲ့ခန္ဓာကိုယ်အနေအထားကို ထိန်းချုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးရပါမယ်။ ဒါမှ မှန်ကန်တဲ့ခန္ဓာကိုယ်အနေအထားနဲ့ စာရေးခုံမှာ မတ်မတ်ထိုင်ပြီး မပင်ပန်းဘဲ စာတွေကို ရေးနိုင်တဲ့ ကလေးလေးဖြစ်လာမှာပါ။

ဒီစွမ်းရည် ၃ မျိုးကို သေချာလေ့ကျင့်ပေးရင် စာလေးနည်းနည်းရေးပြီးတာနဲ့ လက်နာတာမျိုး၊ စာရေးလို့ပြောလိုက်တာနဲ့ ကြောက်ရွံ့ ငြင်းဆန်နေတာမျိုး မဖြစ်နိုင်တော့ပါဘူး။ ကလေးငယ်ရဲ့ လက်ချောင်းကြွက်သားတွေ သန်မာအောင်၊ ခဲတံကိုင်နည်းမှန်အောင်၊ စာရေးခုံမှာ ကိုယ်နေဟန်မှန်ကန်စွာ ထိုင်ပြီး ရေးတတ်အောင် သေချာလေ့ကျင့်ပေးမယ်ဆိုရင် စာရေးရတာ ပျော်တဲ့ကလေးလေးတွေ ဖြစ်လာစေမှာပါရှင်။

Previous
Previous

ကလေးတွေကိုဖုန်းအသုံးပြုချိန်လျှော့ချဖို့အတွက်နည်းလမ်း

Next
Next

ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကိုသက်သာစေမယ့် အစားအစာနှင့် နည်းလမ်း