HAJIMARIMOM.com

View Original

ကလေးတွေနေမကောင်းချိန်အစားအစာ

ကလေးတွေ နေမကောင်းဖြစ်တဲ့အချိန် ဘယ်လိုအစားအစာတွေကျွေးသင့်လဲ

ရာသီဥတုအကူးအပြောင်းတွေမှာ ကလေးငယ်တွေဖျားနာတတ်ကြပါတယ်။ ကလေးတွေ အအေးမိဖျားနာတဲ့အခါမှာဘယ်လိုအစားအစာတွေကျွေးဖို့သင့်တော်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

နှာချေ၊ နှာရည်ယို၊ လည်ချောင်းနာခြင်း စတဲ့တွေရှိနဲ့အချိန်မှာ စားသင့်တဲ့အစားအစာ

ကိုယ်ပူချိန်မရှိပဲ နှာချေခြင်း၊ နှာရည်ယိုပြီး လည်ချောင်းနာပါက ရေများများသောက်ပြီး ကလေးပုံမှန်စားနေကျအတိုင်းကျွေးလို့ရပါတယ်။ လည်ချောင်းကရောင်ရမ်းနေတဲ့အချိန်မှာ အသီးဖျော်တွေထက် ခြစ်ထားတဲ့ပန်းသီးကပိုကောင်းပါတယ်။ ပူလွန်သော သို့မဟုတ် အေးလွန်းသော အစားအစာတွေက လည်ချောင်းကိုနာကျင်စေပြီး ချောင်းဆိုးရန်အလားအလာပိုဖြစ်စေပါသည်။ ဆန်ပြုတ်နွေးနွေး ၊ အသီးဂျယ်လီစတဲ့ ကလေးစားနိုင်သည့်အစားအစာတွေကိုနည်းနည်းချင်းကျွေးပါ။

ကိုယ်ပူချိန်ရှိတဲ့အချိန် ဘယ်လိုအစားအစာတွေကျွေးသင့်လဲ

အန်ခြင်း၊ ဝမ်းလျှောခြင်းစတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာလက္ခဏာများမရှိပေမယ့် ဖျားနေတဲ့အချိန်မှာအစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကပုံမှန်ထက်နှေးကွေးသွားတတ်ပါတယ်။ အစာကြေရန် ခက်ခဲသောအဆီများသောအစားအစာများ နှင့် အသားနှင့်ငါး စတဲ့ပရိုတင်းဓာတ်များသည် အစာကြေရန်အချိန်ယူရသောကြောင့် ကလေးမစားချင်လျှင်ကျွေးရန်မလိုအပ်ပါ။ ပုံမှန်အားဖြင့် ဝမ်းပျက်ချင်တဲ့ကလေးတွေကို နှားနို့၊ ဒိန်ချဥ်၊ ဖရုံသီး၊ ကန်စွန်းဥ၊ အာလူး၊ ငှက်ပျောသီးစတဲ့ အစားအစာတွေကိုမကျွေးသင့်ပါ။ အစားစားချင်စိတ်မရှိရင်တောင် ရေဓာတ်ပါတဲ့ အရည်ကိုတော့များများတိုက်ပေးသင့်ပါတယ်။ကြက်ပြုတ်ရည် ၊ဟင်းသီးဟင်းရွက် ဟင်းရည်စတာတွေက စားရလွယ်ကူတဲ့အပြင် ချွေးထွက်ပြီးကုန်ခန်းသွားတဲ့ဆားဓာတ်ကိုပြန်လည်ဖြည့်စွမ်းပေးနိုင်တဲ့အတွက် ကျွေးရန်အသင့်တော်ဆုံးပါ။

See this content in the original post

အအေးမိဖျားနာခြင်းကိုကြိုတင်ကာကွယ်ရန် အစားအစာနှင့် နေ့စဥ် စားသောက်မှုအလေ့အထ

အအေးမိဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲဝင်ရောက်လာသော်လည်း ခန္ဓာကိုယ်ကဗိုင်းရပ်စ်ကိုကောင်းစွာခုခံနိုင်လျှင် မည်သည့်လက္ခဏာမှမတွေ့ရပဲ ဗိုင်းရပ်ကိုကောင်းစွာတွန်းလှန်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်နေ့စဥ် စားသောက်မှုအလေ့အထသည်အလွန်အရေးကြီးပါသည်။ နေ့စဥ် တစ်နေ့လျှင်သုံးနပ်ကိုပုံမှန်စားပါ။ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အလုပ်လုပ်စေတဲ့ စွမ်းအင်ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်များကို မျှတအောင်ကျွေးပေးပါ။ ဒါ့အပြင် အမျှင်ဓာတ်ပါတဲ့အစားအစာများ၊ ပဲပိစပ်၊ တိုဟူး၊ ကြက်သွန်နီ၊ ငှက်ပျောသီးစတဲ့ အစားအစာများကိုကျွေးဖို့ အကြံပြုချင်ပါတယ်။

ကလေးတွေ နေမကောင်းတဲ့အချိန်အစားအသောက်နဲ့ပတ်သတ်ပြီးစိုးရိမ်ပူပန်တတ်တာ ကျမတို့မေမေတိုင်းရဲ့ဖြစ်တတ်တဲ့သဘာဝပါနော်။ အခုဆောင်းပါးလေးမှာတော့ကလေးတွေနေမကောင်းဖြစ်တဲ့အခါကျွေးသင့်တဲ့အစားအစာတွေကိုဝေမျှပေးထားပါတယ်။နောက်ပိုင်းမှာလည်း မေမေတို့အတွက် အသုံးဝင်မယ့်ဖြည့်စွက်စာချက်နည်း၊ ကလေးပြုစုပျိူးထောင်နည်း၊ အလှအပရေးရာစတဲ့ဂဏ္ဍအစုံတင်ဆက်ပေးသွားမှာဖြစ်လို့ ကျမတို့ HAJIMARIMOM.com Page ကိုစောင့်ကြည့်မျှော်ကြည့်ရှူပေးသွားကြပါအုံးနော်။