ဘာသာစကားသင်ယူနေတဲ့ကလေးတွေအတွက်ထိရောက်စေမယ့်နည်းလမ်း(၅)ခု
ဘေဘီလေးတွေကို ဘာသာစကားအသစ်သင်ကြမယ်
ဒီနေ့မှာတော့ ကိုယ့်ကလေးတွေကို ငယ်စဥ်ကတည်းက မိခင်ဘာသာစကားအပြင် တခြားဘာသာစကား တစ်ခုခုသင်ပေးချင်တဲ့ မေမေတွေတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး ထိထိရောက်ရောက် သင်လို့ရမလဲဆိုတာ လေ့လာကြမယ်။ နည်းလမ်းလေးတွေက လွယ်ကူရိုးရှင်းတဲ့အပြင် ကလေးတွေတွက် ဖိအားမဖြစ်စေပဲ ဘာသာစကားအသစ်တစ်ခုကို တတ်မြောက်နိုင်မှာ ဖြစ်တယ်။
1.ကလေးနဲ့ အတူတကွသင်ယူပါ
မေမေတို့က ကိုယ့်ကလေးတွေကို အသစ်ဆန်းတစ်ခုခု သင်ယူစေချင်ရင် မေမေတို့က အချိန်ပေးပြီး သူတို့လေးတွေနဲ့တူတူ လိုက်လေ့လာပေးပါ။ ဥပမာ- ကိုယ်ကိုယ်တိုင်ကလည်း ဘာသာစကားတစ်ခုကို အခြေခံနည်းနည်းလေး တတ်မြောက်ထားမယ်ဆိုရင် ကိုယ့်ကလေးနဲ့တူတူ ထပ်လေ့လာလို့ရတယ်။ ဒီလိုအတူတူလေ့လာခြင်းအားဖြင့် လေ့ကျင့်ဖို့လည်းလွယ်သလို ကိုယ့်ကလေးနဲ့ ကိုယ်ကြားမှာလည်း ပိုပြီးရင်းနှီးလာတာတွေ့ရပါလိမ့်မယ်။
2. ဘာသာစကားနဲ့ ပတ်သတ်တဲ့ ဂိမ်းတွေဆော့ပေးပါ။
ကလေးတွေကို ဘာသာစကားသင်ပေးဖို့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုက သူတို့အကြိုက်ဆုံးဂိမ်းတွေကို ဘာသာခြားစကား နဲ့ ကစားတာပါ။ ကလေးနဲ့တူတူ ပုန်းတိုင်းကစား မယ်ဆိုရင် သူတို့သင်နေတဲ့ ဘာသာစကားအတိုင်း အမှတ်စဥ် မှတ်ခိုင်းတာမျိုး တွေကဘာသာစကားလေ့လာမှုမှာ အရမ်းထိရောက်မှုရှိစေပါတယ်။ နောက်ပြီး ကလေးတွေရဲ့ဘာသာစကားသင်ယူမှုကို ထိရောက်စေတဲ့ ဂိမ်းတွေကိုလည်း Online မှာရှာပြီး အသုံးချလို့ရပါတယ်။
3. ကာတွန်းကားတွေ ကိုမြန်မာစာတန်းမထိုးဘဲကြည့်ခိုင်းပါ။
ဒီနည်းလမ်းလေးက လွယ်ကူရိုးရှင်းသလောက်အရမ်းထိရောက်ပါတယ်။ ကလေးတွေက ကာတွန်းကားတွေ ကြည့်ရတာ ကြိုက်ပြီး သူတို့ကြိုက်တဲ့ ကာတွန်းကားတွေကို စာတန်းထိုးမပါဘဲကြည့်ခိုင်းပါ။ ဒီလိုလုပ်ပေးခြင်း အားဖြင့် ကလေးတွေရဲ့နားထောင်မှုစွမ်းရည်ကို ကောင်းမွန်လာစေပြီး ဘာသာစကားအသစ်ကို နားရည်ဝလာမှာဖြစ်တယ်။ ကလေးအရွယ်မှာ ဘာသာစကား တစ်ခုကိုသင်ပေးဖို့ က Grammar Rules တွေမဟုတ်ဘဲ ဘာသာစကားရဲ့ အသံနေအသံထား၊ အသံထွက်ပုံတွေကို ကာတွန်းတွေ၊ ကလေးအစီစဥ်တွေ ပြပေးခြင်းဖြင့် သင်ပေးနိုင်ပါတယ်။
4. သီချင်းဆိုပြပါ။
မေမေတွေက ကလေးတွေကို ညအိပ်ရာဝင်သီချင်းတွေနဲ့ ချော့သိပ်လေ့ ရှိပါတယ်။ ဒီနေရာမှာ ကျွန်မတို့က ကလေးတွေကို English စကားသင်ပေးချင်ရင် English သီချင်းနဲ့ချော့သိပ်တာမျိုး၊ ကလေးတွေကို English သီချင်းတွေဆို ခိုင်းတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ သီချင်းနဲ့ သင်ပေးခြင်းကလည်း ဘာသာစကားလေ့လာဖို့ အရမ်းထိရောက်တဲ့အပြင် ပျော်ရွှင်စေတာမလို့ ဒီနည်းလမ်းလေးကို လည်းစမ်းကြည့်ဖို့မမေ့ပါနဲ့နော်။
5. စာဖတ်ခိုင်းပါ။
ကိုယ်သင်ပေးနေတဲ့ ဘာသာစကားတစ်ခုရဲ့ သက်ဆိုင်ရာ စာသားလေးတွေနဲ့ များများထိတွေ့ ခိုင်းပါ။ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်တဲ့ ရုပ်ပြစာအုပ်တွေ၊ ကာတွန်းစာအုပ်တွေ ဖတ်ခိုင်းပါ။ ကိုယ်ကိုယ်တိုင်ကလည်း သူတို့နဲ့တူတူ ဖတ်ပေးတာမျိုးလုပ်ပေးပါ။ ကိုယ်ကိုယ်တိုင်ကလည်း သူတို့ကို ပုံပြင်စာအုပ်လေးတွေ ဖတ်ပြပြီး သူတို့နဲ့တူတူလေ့ကျင့်ပေးပါ။
ရေးသားသူ- Se Myar