သင့်ရင်သွေးတွေကိုအတောင်ပံတပ်လိုက်ပါ
သင့်ရင်သွေးကိုအတောင်ပံတပ်လိုက်ပါ
ငှက်ကလေးတွေမှာအမြင့်ဆုံးပျံသန်းဖို့ အတောင်ပံတစ်စုံ လိုအပ်သလို လူကလေးတွေမှာလည်း အမြင့်ဆုံးပျံသန်းဖို့ အတောင်ပံတစ်စုံလိုပါတယ်။ ဒီအတောင်ပံကတော့ တခြားအရာမဟုတ်ပါဘူး မေမေတို့ရေ " ယုံကြည်မှု " ဆိုတဲ့ အတောင်ပံပဲ ဖြစ်တယ်။ မိဘတွေအနေနဲ့ သားသမီးတွေ အပေါ်ပေးနိုင်တဲ့ အကြီးမားဆုံး လက်ဆောင်တွေထဲတစ်ခုက "ယုံကြည်မှု" ဘဲဖြစ်တယ်။
မေမေတို့ရဲ့ရင်သွေးလေးတွေ ဘဝကိုယုံကြည်ချက်ရှိရှိ ၊ အမှီခိုကင်းကင်း ရပ်တည်နိုင်ဖို့၊ သူတို့ကိုယ် သူတို့ယုံကြည်မှု့ရှိအောင် ပျိုးထောင်ပေးဖို့ အရမ်းအရေးကြီးတယ်နော်။ ဒါကြောင့် အောက်မှာရေးထားတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ကလေးတွေပျံသန်းဖို့ အတောင်ပံလေးတပ် လိုက်ကြရအောင်။
၁. ထိန်းချုပ်မယ့်အစား အကြံပေးပါ။
မိဘတွေတော်တော်များများ ပြုလုပ်လေ့ရှိတဲ့အရာက ကလေးတွေကို ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ၊ ဟိုမသွားရ၊ ဒါမစားရ ဆိုပြီး ချုပ်ချယ်လွန်းတာမျိုးဖြစ်တယ်။ ထိန်းချုပ်လွန်း ချုပ်ချယ်လွန်းရင် ကလေးကိုယ်တိုင်က ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ပျောက်ဆုံးလာပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု ကင်းမဲ့လာနိုင်ပါတယ်။ တစ်နေ့ ကိုယ်တွေက သူတို့အနားမှာမရှိနိုင်တော့ရင် သူတို့ဘဝရဲ့ဆုံးဖြတ်ချက်ကို သူတို့ကိုယ်တိုင် ချမှတ်ရမှာဖြစ်ပြီး သူတို့ဘဝကိုလည်း သူတို့ကိုယ်တိုင်လျှောက်လမ်းရမှာဖြစ်တယ်။ ဒီတော့ အခုချိန်ကစပြီး သူတို့အပေါ်ထိန်းချုပ်နေတာ လျော့ချပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အကြံပေးတာမျိုးလုပ်ပေးပါ။
၂. ကိုယ့်အားကိုကိုးတတ်ဖို့သင်ပေးပါ။
မေမေတို့က သားသားမီးမီးတွေကို ချစ်လွန်းလို့ဘာမှမလုပ်ခိုင်း၊ မကိုင်ခိုင်း ပဲဖူးဖူးမှုတ်ထားတာမျိုးလုပ်တတ်ကြတယ်။ တကယ်တော့ ဒါဟာ ကလေးတွေကိုချစ်တာမဟုတ်ဘဲ အလိုလိုက်တာပါ။ ကလေးတွေကိုယ် သူတို့ရဲ့ အသက်အရွယ်အလိုက် ၊ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအလိုက် သူတို့ လုပ်နိုင်တာလုပ်ခိုင်းတာမျိုး၊ သူတို့တာဝန် သူတို့ယူနိုငိတာမျိုးတွေ သင်ထားပေးသင့်ပါတယ်။ ဥပမာ (၁၀) နှစ်သား အရွယ်ကလေးတစ်ယောက်ဟာ ကိုယ့်အိပ်ယာကို သိမ်းနိုင်၊ ကိုယ့်အဝတ်ကို ဝတ်နိုင်၊ ကိုယ့်ရဲ့ဝေယျာဝိစ္စကို ကိုယ်တိုင်လုပ်နိုင်ဖို့ မေမေတို့ကနေ သင်ထားပေးရပါမယ်။ အဓိက အချက်က ချစ်တာနဲ့ အလိုလိုက်တာကို ကွဲကွဲပြားပြား နားလည်ထားဖို့လိုပါတယ်။ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အချိန်မှာတခြားသူတွေထက်ပိုပြီး ယုံကြည်မှုရှိပါတယ်။
၃.အပြစ်တင်တာကိုရပ်ပါ။
ကျွန်မတို့ တော်တော်များများ လုပ်မိနေတဲ့အမှားတစ်ခုက တစ်ပါးသူအပေါ် အပြစ်တင်လွန်းတာပါ။ အရွယ်ရောက်ပြီးသားသူတွေတောင် အမှားနဲ့ မကင်းရင် ကလေးတွေဆို ပိုပြီးမှားတတ်ကြပါတယ်။ ဒါကိုကျွန်မတို့က ဇွတ်အပြစ်တင်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ကလေးတွေဟာ အသစ်အစမ်းတစ်ခုခု၊ စိန်ခေါ်မှုတွေကို လုပ်ဖို့ယုံကြည်ချက်နည်းနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူသာ အမှားလုပ်မိရင် အပြစ်တင်ခံရမယ် ဆိုတဲ့ အစွဲသူ့ဆီမှာကပ်နေပြီလေ။ ဒါကြောင့် သူမှားတာရှိရင် ဒီအမှားကိုသင်ခန်းစာယူတတ်အောင် လမ်းညွှန်ကြပါ။ တကယ်တော့ ကလေးတစ်ယောက်ရဲ့ဘဝရှေ့ရေးက မေမေတို့အပေါ်မှာအများကြီးမူတည်ပါတယ်။ စကားတစ်ခွန်းတောင်ရှိသေးတယ်မလား " ပုခက်လွဲသောလက်သည် ကမ္ဘာကိုအုပ်စိုးနိုင်သည်" တဲ့ ။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးတွေကို ယုံကြည်မှုရှိတဲ့ ကလေးတွေဖြစ်အောင်ပျိုးထောင်ရမယ်။ "ယုံကြည်မှု" ဆိုတဲ့ တောင်ပံတစ်စုံက မေမေတို့ပေးနိုင်တဲ့ အမွေတွေထဲကတစ်ခုဆိုတော့ အခုဘဲ ပေးလိုက်ရအောင်နော်။
ရေးသားသူ- See Myar (Mom Content Writer)