{You are the best MOM } Vol.1
မေမေရဲ့အပြုံနဲ့ အားပေးစကားသည်သားသားမီးမီးတို့အတွက်စိတ်ခွန်အား
မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ လက်သည်းကိုက်ခြင်း၊ လက်စုပ်ခြင်းစတဲ့ အကျင့်ကလေးတွေရှိကြလား။ တကယ်တော့ ကလေးငယ်တွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို စကားလုံးတွေနဲ့ ကောင်းစွာမပြောပြတတ်ကြတဲ့အတွက် သူတို့လေးတွေရဲ့အပြုအမူအကျင့်တွေနဲ့ဖော်ပြတတ်ကြပါတယ်။
ကလေးတစ်ယောက် လက်သည်းကိုက်ခြင်း၊ လက်စုပ်ခြင်း စတဲ့အကျင့်တွေက ကလေးငယ်တစ်ယောက်စိတ်မလုံမခြုံဖြစ်ခြင်း၊ stress တစ်ခုခုရှိနေခြင်း တို့ကြောင့်ပြုမူတယ်လို့ဆိုကြပါတယ်။ဒီအကျင့်တွေကိုပျောက်အောင်ဆိုပြီး ကလေးကို ဆူတာတို့၊ ခြောက်လှန့်တာမျိုးတို့လုံးဝမလုပ်ပါနဲ့နော်။ကလေးရဲ့စိတ်ခံစားချက်ကိုပိုဆိုးသွားစေနိုင်လို့ပါ။
အမေတစ်ယောက်အနေနဲ့ ဘာလုပ်ပေးရမလဲ??
ကလေးကို အားပေးပါ၊ စိတ်လုံခြုံမှုရအောင်ပြုမူပေးပါ။ ကလေးတစ်ယောက်စိတ်မလုံမခြုံ ဖြစ်တဲ့အချိန်မှာအလိုအပ်ဆုံးက မေမေရဲ့ အားပေးစကားနဲ့မေတ္တာပါပဲနော်။ ဥပမာ-မိခင်နဲ့ ခွဲပြီး မူကြိုစတက်မယ့်ကလေးကို [သမီးဆိုရင် လုပ်ကိုလုပ်နိုင်မှာ] [ကြိုးစားနော်] စတဲ့ ကလေးကိုယုံကြည်မှုရှိစေနိုင်မယ့် စကားလေးတွေပြောပေးပါ။ မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးစကားက ကလေးတွေအတွက်ကြိုးစားဖို့ခွန်အားတစ်ခုဖြစ်လို့ပါနော်။ မူကြိုကပြန်လာတဲ့အချိန်မှာလည်း[သားဆိုရင် လုပ်နိုင်မှာအသေအချာပဲ] [ကြိုးစားခဲ့တာပဲ] စတဲ့ချီးကျူးစကားမျိုးတွေပြောပေးခြင်းအားဖြင့် ကလေးငယ်တွေရဲ့ စိတ်ခွန်အား၊ယုံကြည်မှုကိုဖြစ်စေပါတယ်။
ကျွန်မတို့လူကြီးတွေတောင်စိတ်မလုံမခြုံဖြစ်နေတဲ့အချိန်မှာ တခြားသူဆီကအားပေးစကားတစ်ခွန်းကစိတ်လုံခြုံမှုကိုဖြစ်စေတာပဲမဟုတ်လား။ အားပေးစကားတစ်ခွန်းက လူကြီးပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ် စိတ်လုံခြုံမှုကိုဖြစ်စေပါတယ်။ နောက်တစ်ခုအရေးကြီးတာတစ်ခုက မေမေ့ရဲ့အပြုံးပါပဲနော်။ ကလေးတွေကမေမေတို့ရဲ့ မျက်နှာရိပ်မျက်နှာကဲကို အရမ်းဖတ်တတ်ကြပါတယ်။ သူတို့လေးတွေအတွက်ကမေမေ့ရဲ့ အပြုံးနဲ့အားပေးစကားက အင်အားတစ်ခုဖြစ်လို့ သားသားမီးမီးလေးတွေ စိတ်မလုံမခြုံဖြစ်နေတဲ့အချိန်၊ stress တစ်ခုခုကိုခံစားနေရတဲ့အချိန်မျိုးတွေမှာ မဆူမပူပဲ စိတ်ရှည်ရှည်နဲ့အကောင်းဆုံးနှစ်သိမ့်ပေးပါ။