နို့ထွက်များစေဖို့ သဘာဝနည်းလမ်း (၇) ခု
နို့ထွက်များစေဖို့ သဘာဝနည်းလမ်း (၇) ခု
ကလေးလေးမွေးပြီးတာနဲ့ ပထမဆုံး စိတ်ပူမိတဲ့အရာက နို့ကောင်းကောင်းထွက်ပါ့မလား။ ကလေးလေးနို့ဝပါ့မလား ဆိုတာပဲ မဟုတ်ပါလား မေမေတို့ရေ။ နို့တိုက်မိခင်အများစုက နို့ထွက်နည်းတယ်လို့ ခံစားရလေ့ရှိပြီး နို့ထွက်များချင်တဲ့ ဆန္ဒရှိကြတာက သဘာဝပါပဲ။ အထူးသဖြင့် သားဦးမိခင်တွေက ပိုပြီး စိတ်ပူပင်တတ်ကြပါတယ်။ နို့ထွက်များစေဖို့ အောက်ဖော်ပြပါ သဘာဝနည်းလမ်းလေး (၇)ခုက ထိထိရောက်ရောက်ကူညီပေးနိုင်ပါတယ်။
(၁) နို့တိုက်ချိန်မှာ အာဟာရလုံလောက်မျှတအောင် စားပါ။
နို့တိုက်မိခင်အနေနဲ့ ဆီဆမ်း ဆားဖြူးပြီး ငါးကြော် အသားကြော်တွေနဲ့ပဲ စားတာမျိုးကို ရှောင်ကြဉ်ပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ သစ်သီးဝလံ အမျိုးမျိုးကို စားပေးပါ။ မိခင်က အာဟာရပြည့်ဝအောင်စားမှ နို့ထွက်နှုန်းနဲ့ နို့ရဲ့ အရည်အသွေးကို ကောင်းမွန်စေပါတယ်။ နို့တိုက်ခြင်းက သားအိမ်ကို ပုံမှန်အတိုင်း မြန်မြန်ပြန်ဖြစ်ဖို့ ကူညီပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ တက်ခဲ့တဲ့ ဝိတ်တွေ မြန်မြန်ပြန်ကျဖို့လည်း ကူညီပေးပါတယ်။
(၂) နို့စို့နည်းမှန်အောင် ဂရုစိုက်ပါ။
မိခင်ရဲ့ နို့သီးခေါင်းထိပ်ကိုပဲ ကလေးလေးက ငုံပြီး စို့နေရင် နို့ထွက်နည်းသလို မိခင်အတွက်လည်း နို့တိုက်ချိန်မှာ နာကျင်မှုကို ခံစားရစေပါတယ်။ နို့သီးခေါင်း အက်ကွဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နို့ရဲ့ အမည်းကွင်း တစ်ခုလုံးကို ကလေးလေးပါစပ်နဲ့ ငုံမိပြီး စုပ်ယူတဲ့ အနေအထားမျိုးဖြစ်အောင် ဂရုစိုက်ပေးပါ။ ကလေးလေးရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အချိန် ၁ နာရီခွဲ သို့ ၂ နာရီခြား တစ်ခါ နို့ကို အချိန်မှန်တိုက်ပေးပါ။ နို့စို့ချိန်မှာ နို့နှစ်ဘက်လုံးကို တိုက်ပေးပါ။ မိခင်နို့တစ်လှည့် နို့ဘူးတစ်လှည့် တိုက်တာမျိုး မလုပ်သင့်ပါဘူး။ Nipple confusion ဖြစ်စေပြီး ကလေးလေးက စို့ရပိုမိုလွယ်ကူတဲ့ နို့ဘူးကိုပဲ တောင်းဆိုပြီး အမေနို့ကို ငြင်းဆန်တာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးလေးအသက် (၆) လ မပြည့်မချင်း မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျွေးပါ။
(၃) ရေများများသောက်ပါ။
နို့တိုက်မိခင် ရေဓာတ်ပြည့်ဝဖို့ကလည်း နို့ထွက်ကောင်းဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
(၄) သင်္ဘောသီးစိမ်းစားပါ။
သင်္ဘောသီးအစိမ်းကို အတို့အမြှုပ်အနေနဲ့ ဒီအတိုင်းစားပေးလို့ရသလို cereal ထဲမှာ အခြားသစ်သီးတွေနဲ့ အတူထည့်ပြီး စားလို့လည်းရပါတယ်။ အသားတစ်မျိုးမျိုးနဲ့ရောပြီး ဟင်းချိုချက်သောက်ရင်လည်း အရသာထူးခြားကောင်းမွန်ပါတယ်။ နို့ထွက်အားကောင်းချင်တဲ့ မေမေတို့အတွက် သိသိသာသာ နို့ထွက်ကောင်းစေတဲ့ အသီးပါ။
(၅) Whole grains များကို စားပါ။
ဆန်လုံးညို၊ Oats ၊ Cereal နဲ့ ဂျုံအညိုရောင် စတဲ့ Whole grains တွေကို စားသုံးပေးပါ။ Whole grains bread တွေလည်း ထုတ်လုပ်ရောင်းချလာကြလို့ အလွယ်တကူ ဝယ်ယူစားသုံးလို့ရပါတယ်။ Oats နဲ့ Cereal တွေကိုတော့ မနက်စာအနေနဲ့ နို့၊ အသီးအနှံတွေနဲ့ ရောပြီး စားသုံးပေးပါ။ မိခင်နို့ထွက်နှုန်းကို ပိုမို ကောင်းမွန်စေပါတယ်။
(၆) ဆယ်လ်မွန်ငါး စားပေးပါ။
နေရာတိုင်းမှာ ဝယ်လို့မရတဲ့ ငါးအမျိုးအစားပါ။ ဝယ်လို့အဆင်ပြေတဲ့ နေရာက မေမေတွေအတွက်တော့ မကြာခဏ စားသုံးပေးသင့်တဲ့ ငါးပါရှင်။ သူ့မှာပါဝင်တဲ့ essential fatty acid နဲ့ omega 3 fatty acid နှစ်မျိုးလုံးက နို့ထွက်ကောင်းစေဖို့ ကူညီပေးသလို နို့ရဲ့ အာဟာရတန်ဖိုး ပါဝင်မှုကိုလည်း မြင့်စေပါတယ်။
(၇) အိပ်ရေးဝဖို့နဲ့ စိတ်ဖိစီးမှုနည်းစေဖို့ ဂရုစိုက်ပါ။
နှစ်နာရီခြား တစ်ခါ နို့တိုက်နေရတဲ့အတွက် အိပ်ရေးပျက်နေမှာ အသေအချာပါ။ အိပ်လျက်အနေအထားနဲ့ နို့တိုက်တတ်ဖို့ အလေ့အကျင့်လုပ်ပါ။ အိပ်ပျော်နေစဉ် ကလေးလေးကို ဘေးကကပ်ပြီး နို့တိုက်ပေးဖို့ အမျိုးသားရဲ့ အကူအညီ သို့ ယုံကြည်စိတ်ချရသူရဲ့ အကူအညီကို ရယူပါ။ ၄ နာရီဆက်တိုက်လောက် အိပ်ရရင် အိပ်ရေးဝတယ်လို့ ခံစားရပါလိမ့်မယ်။
ကလေးလေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ၊ အခြား အထွေထွေ အရေးကိစ္စတွေကြောင့် စိတ်ပူရတာတွေ မေမေတို့မှာ ရှိနေမှာပါ။ မဖြစ်သေးတာတွေကို ကြိုတင်ပူပန်တာမျိုးမဖြစ်စေဖို့ စိတ်ကို ပြင်ဆင်ပါ။ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ ရေနွေးနွေးလေးနဲ့ ရေချိုးခြင်း စတဲ့ မိမိနှစ်သက်ရာလေးတွေကို လုပ်ပေးခြင်းအားဖြင့် စိတ်ကိုကြည်လင်လန်းဆန်းပါစေ။ စိတ်ဖိစီးမှု များတာက နို့ထွက်နည်းစေတဲ့အတွက် စိတ်ချမ်းသာအောင်နေဖို့ကလည်း အရေးကြီးပါတယ် မေမေတို့ရေ။
မိခင်နို့တိုက်ခြင်းက ကလေးလေးနဲ့ မိခင်ကြားက ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန်ဆက်သွယ်မှု နှောင်ကြိုးလေးကို ခိုင်မာစေပါတယ်။ သဘာဝကပေးတဲ့ ရတနာ ဖြစ်တဲ့မိခင်နို့ဟာ ကလေးလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးတဲ့အတွက် ကလေးလေး အသက် ၂ နှစ်အရွယ်ထိ မိခင်နို့ တိုက်ကြပါစို့လားရှင်။ မေမေတို့ရဲ့ နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေကို အခြားမေမေတွေဖတ်ဖို့ comment မှာ မျှဝေပေးသွားပါဦးရှင်။
ရေးသားသူ- Khaing Kyu Thinn( Content Writer)