ကလေးတွေကိုအကောင်းမြင်စိတ်ရှိအောင်ဘယ်လိုပြုစုပျိုးထောင်မလဲ
How to develop your Children's positive attitude?
How to develop your Children's positive attitude?"( သားသားမီးမီးလေးတွေကို အကောင်းမြင်စိတ်ရှိလာအောင် ဘယ်လို ပြုစုပျိုးထောင်မလဲ) ဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
• Why is it important to develop positive attitude in children?( အကောင်းမြင်စိတ်ရှိခြင်းက ကလေးတစ်ယောက်အတွက် ဘယ်လောက်အရေးပါသလဲ။ )
ကလေးတစ်ယောက်ဟာ အကောင်းမြင်စိတ်ရှိမယ်ဆိုရင် သူတို့ဘဝမှာ ကြုံလာရမယ့်ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းနိုင်မှာဖြစ်ပြီးတော့ အကောင်းမြင်စိတ်နဲ့သူတို့ရဲ့ ဘဝကိုရှုထောင့်ပေါင်းစုံကနေ လေ့လာသင်ယူတတ်မှာဖြစ်ပါတယ်။ ပြဿနာ သေးသေးလေးတစ်ခုကလည်း ကလေးငယ်လေးတွေရဲ့ အကောင်းမြင်တတ်တဲ့စိတ်ကိုပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့် အဲ့ ပြဿနာဟာ အရာအားလုံးရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာ သူတို့လေးတွေ နားလည်လာအောင် ဖေဖေမေမေတို့က ပြောပြပေးဖို့လိုအပ်ပါတယ်။ကလေးငယ်လေးတွေဟာ သူတို့အတွက် ခက်ခဲတဲ့အချိန်တွေမှာတောင် အကောင်းမြင်စိတ်ရှိနေမယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ပြဿနာတွေကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဖေဖေမေမေတို့အနေနဲ့လည်း ကလေးငယ်လေးတွေရဲ့ မကောင်းမြင်စိတ်တွေ မကောင်းတဲ့အတွေးတွေကို ဖျောက်ပစ်ဖို့ ဖိအားပေးတာမျိုးမဟုတ်ဘဲ အဲ့ဒီမကောင်းတဲ့အတွေးအမြင်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီးရှေ့ဆက်ရမယ်ဆိုတာကို နားလည်အောင် ကူညီပေးသင့်ပါတယ်။
• What makes a child develop a negative attitude? (ဘယ်အရာတွေက ကလေးတစ်ယောက်ရဲ့ အကောင်းမြင်စိတ်ကို ဖျက်ဆီးစေမိတာလဲ။ )
တစ်ခါတစ်ရံမှာ ဖေဖေမေမေတို့ဟာ သားသမီးတွေကိုချစ်လွန်းတဲ့စိတ်ကြောင့် မိမိတို့ရဲ့ သားသမီးတွေကို မကောင်းမြင်တဲ့စိတ်တွေဖြစ်ပေါ်လာအောင်၊ မကောင်းတဲ့အတွေးတွေတွေးမိအောင် လုပ်မှန်းမသိလုပ်မိနေတတ်ပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့အနေနဲ့လည်း မိမိတို့ရဲ့သားသမီးတွေကို မိမိတို့ကိုယ်တိုင် မကောင်းမြင်စိတ်ရှိတဲ့ကလေးတွေဖြစ်အောင် မလုပ်မိစေဖို့ ရှောင်ကြဥ်သင့်ပါတယ်။
• ကန့်သတ်ချက် များလွန်းခြင်း နဲ့ အလွန်အမင်းစိုးရိမ်ခြင်း
ကလေးငယ်လေးတွေကို ဘာလုပ်လုပ်လိုက်ကန့်သတ်နေခြင်း၊ အလွန်အကြူး စိုးရိမ်ပူပန်ခြင်းတို့ဟာ သူတို့လေးတွေရဲ့ မကောင်းမြင်စိတ်ကို ကြီးမားလာစေနိုင်ပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတို့ကို "ဟိုမသွားနဲ့ ၊ဒါမလုပ်နဲ့" ဆိူပြီး ကန့်သတ်နေတာမျိုးကို တတ်နိုင်သမျှ ဆင်ခြင်ပေးဖို့ လိုအပ်ပါတယ်။
• မိဘကိုယ်တိုင်က အဆိုးမြင်ဝါဒ ရှိခြင်း
ကလေးငယ်လေးတွေဟာ သူတို့မြင်သမျှ တွေ့သမျှကို သင်ယူမှတ်သားတဲ့နေရာမှာ အရမ်းကိုတော်ကြပါတယ်။ မိဘတွေက သူတို့လေးတွေရှေ့မှာ နေတိုင်းဘုရားရှိခိုးပြတဲ့ရင် ရက်အနည်းငယ်ကြာတဲ့အခါ သူတို့လေးတွေဟာ မိဘတွေနဲ့အတူ ဘုရားလိုက်ရှိခိုးမှာပါ။ အဲ့လိုပါပဲ မိဘတွေအနေနဲ့ မိမိတို့ကိုယ်တိုင်က ကလေးငယ်တွေရှေ့မှာ မကောင်းမြင်စိတ်တွေ၊ မကောင်းတဲ့ အတွေးတွေ စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြသနေမယ်ဆိုရင် မိမိတို့ရဲ့ကလေးတွေဟာလည်း မကောင်းတဲ့ခံစားချက်တွေကို ခံစားရတာ မကောင်းတဲ့အတွေးတွေ တွေးရတာကို အသားကျပြီး အဆိုးမြင်ဝါဒရှိတဲ့ကလေးတွေဖြစ်လာမှာပါ။ ဒါကြောင့်ဖေဖေမေမေတို့အနေနဲ့ မိမိတို့ရဲ့ကလေးတွေရှေ့မှာ မကောင်းတဲ့အတွေးတွေ ခံစားချက်တွေကို ထုတ်မပြမိအောင် ဆင်ခြင်သင့်ပါတယ်။
• ပတ်ဝန်းကျင်
အပေါ်မှာပြောခဲ့သလိုပဲ ကလေးငယ်လေးတွေဟာ "အတုမြင် အတတ်သင်" ဆိုသလို လွယ်လွယ်ကူကူတတ်မြောက်လွယ်ကြတာမို့ မိမိတို့ရဲ့သားသားမီးမီးလေးတွေကို အဆိုးမြင်ဝါဒရှိတဲ့ ပတ်ဝန်းကျင်မျိုးနဲ့မရင်းနှီးသွားရအောင် ဖေဖေမေမေတို့က အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
ကလေးငယ်တစ်ယောက်အတွက်အကောင်းမြင်စိတ်ရှိခြင်းရဲ့အရေးပါပုံ၊ ဘယ်လိုအရာတွေက ကလေးငယ်တွေရဲ့ အကောင်းမြင်စိတ်ကို ဖျက်ဆီးတတ်သလဲဆိုတာတွေကို ပြောပြပြီးသွားပြီဆိုတော့ ကလေးငယ်လေးတွေကို အကောင်းမြင်စိတ်ရှိလာအောင် ဖေဖေမေမေတို့က ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကိုပြောပြပါမယ်။
Tips to foster positive attitude in children
(1) စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခိုင်းခြင်း
သားသားမီးမီးလေးတွေကို သူတို့ရဲ့စိတ်ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ပြောခွင့်ပေးတာဟာ သူတို့လေးတွေကို အကောင်းမြင်စိတ်ရှိလာအောင် ကူညီပေးခြင်းပါပဲ။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ကြောက်ရွံ့ခြင်း၊ ရှက်ခြင်း၊ စိတ်အလိုမကျခြင်း စတဲ့ စိတ်ခံစားချက်တွေကို ရင်ဖွင့်ခိုင်းပါ။ အဲ့ဒီနောက်မှာတော့ ဒီစိတ်ခံစားချက်တွေက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါ။ အဆင်ပြေသွားမှာပါ။ ဒါတွေကိုကျော်ဖြတ်နိုင်မှာပါ ဆိုတာကို သူတို့လေးတွေနားလည်အောင် ဖေဖေမေမေတို့ကပြောပြပေးပါ။ ဒါဆိုရင် ကလေးငယ်လေးတွေဟာ မကောင်းတဲ့အတွေးတွေ တွေးမိတော့မှာမဟုတ်ပါဘူး။
(2) စိတ်ဓါတ်ခွန်အားပေးခြင်း
ကလေးတွေ စိတ်အလိုမကျဖြစ်တဲ့အခါ စိတ်ဓါတ်ကျတဲ့အခါမျိုးမှာ ကောင်းတဲ့အရာတွေတွေးပြီး ကောင်းတဲ့အလုပ်တွေကို အစားထိုးပြီးလုပ်ဆောက်တတ်အောင်ပြောပြပေးပါ။ သူတို့လေးတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပေးပါ။ အမှားလုပ်မိတဲ့အချိန်မျိုးတွေမှာလည်း ဆူတာရိုက်တာမျိုးမလုပ်ဘဲ အမှားကို ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို နားလည်လာအောင် ဖေဖေမေမေတို့က ဖြည်းဖြည်းချင်း သင်ကြားပေးပါ။ ဒီလိုဆိုရင် သားသားမီးမီးလေးတွေဟာ ကောင်းတဲ့အမြင် ကောင်းတဲ့အတွေးတွေနဲ့ လောကကြီးကို ကြည့်တတ်လာပါလိမ့်မယ်။
(3) လွတ်လပ်ခွင့်ပေးခြင်း
သားသားမီးမီးတို့ကို စည်းကမ်းလိုက်နာတတ်အောင် သင်ကြားပေးတာ ကောင်းပေမယ့် သူတို့လေးတွေကို လွတ်လပ်ခွင့်ပေးဖို့လည်း အရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာ သူတို့လေးတွေရဲ့ စိတ်ကူးအိပ်မက်တွေ၊ ဆန္ဒတွေကို သူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်းလုပ်ခွင့်ပေးလိုက်တာဟာ ပိုပြီး သင့်တော်ပါတယ်။ သူတို့ လုပ်ချင်တာကို လုပ်ခွင့်ရမှလည်း သူတို့ဟာ လောကကြီးကို ကောင်းတဲ့အမြင်နဲ့ မြင်နိုင်မှာဖြစ်ပါတယ်။
(4) အကောင်းမြင်စိတ်ရှိသူတွေနဲ့ နေထိုင်ခြင်း
ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ လူပေါင်းများစွာနဲ့ပေါင်းသင်းဆက်ဆံရပါတယ်။ကျွန်မတို့နေ့စဥ်ထိတွေ့ဆက်ဆံနေရတဲ့လူတွေက ကျွန်မတို့အပေါ်အများကြီးလွှမ်းမိုးမှုရှိပါတယ်။ သူတို့ရဲ့ ကောင်းတဲ့အပြုအမူ မကောင်းတဲ့အပြုအမူတွေအကုန်လုံးဟာ ကျွန်မတို့ဆီကို တစ်စတစ်စ ကူးစက်လာတာပါ။ ဒါကြောင့်မို့ ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးလေးတွေကို အကောင်းမြင်စိတ်ရှိပြီးအပြုသဘောဆောင်တတ်တဲ့ လူတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံတတ်အောင် သင်ကြားပေးဖို့လိုအပ်ပါတယ်။
(5) အပြုသဘောဆောင်တဲ့ ကိစ္စတွေကို ပြောဖို့ တွန်းအားပေးခြင်း
သားသားမီးမီးတို့ရဲ့ နေ့စဥ်ဘဝမှာ စိတ်ဖိစီးစရာ၊ အဆိုးမြင်ဝါဒဘက်ရောက်တဲ့ အကြောင်းအရာတွေထက် အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေကို တွေးဖို့လုပ်ဖို့ တွန်းအားပေးပါ။ အပြုသဘောဆောင်တဲ့အဖြစ်အပျက်တွေကို အာရုံစိုက်တတ် အလေးထားတတ်အောင်သင်ကြားပေးပါ။ ကိစ္စတစ်ခုကို အကောင်းမြင်တတ်ခြင်းက သူတို့ရဲ့တစ်နေ့တာကို ဘယ်လောက်ထိ စိတ်ဖိစီးမှု ကင်းစေနိုင်တယ်ဆိုတာ နားလည်လက်ခံလာအောင်ဖေဖေမေမေတို့အနေနဲ့ သင်ကြားပေးဖို့ လိုအပ်ပါတယ်။
(6) ပုံပြင်များ ဂိမ်းများမှတစ်ဆင့် အကောင်းမြင်တတ်အောင် သင်ကြားပေးခြင်း
အပြုသဘောဆောင်တဲ့ ပုံပြင်လေးတွေဟာ သားသားမီးမီးလေးတွေကို အကောင်းမြင်စိတ်ထားတတ်လာအောင် လမ်းပြပေးနိုင်ပါတယ်။ ဖေဖေမေမေတို့အနေနဲ့လည်း မိမိတို့ရဲ့ ကလေးငယ်လေးတွေကို အပြုသဘောဆောင်တဲ့ gamesလေးတွေကစားခိုင်းရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ခန်းစာတွေကို သင်ယူစေနိုင်ပါတယ်။
"အကောင်းမြင်စိတ်ရှိခြင်းက ဘဝမှာကြုံတွေ့လာရမယ့် အခက်အခဲတွေ ပြဿနာတွေကို လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ "
ဖေဖေမေမေတို့လည်း ဒီအကြောင်းအရာလေးကို ဖတ်ပြီးသွားတဲ့အချိန်မှာ မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို အကောင်းမြင်စိတ်ရှိအောင် ဘယ်လိုသင်ကြားရမလဲဆိုတာ နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ရေးသားသူ- Kaung Myat Zaw(Content Writer)