ကလေးတွေကိုစည်းကမ်းချမှတ်မယ်ဆိုရင်သိထားသင့်တဲ့အချက်(၈)ချက်
မေမေတို့ရေ ဒီနေ့မှာတော့ ကလေးတွေကိုစည်းကမ်းချမှတ်တော့မယ်ဆိုရင် သိထားရမယ့်အချက်တွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်။
ဖေဖေမေမေတို့တွေမှားတက်ကြတဲ့အမှားတစ်ခုကဆိုရင်တော့ကလေးတွေဟာ ချမှတ်ထားတဲ့စည်းကမ်းတွေကိုနားလည်သဘောပေါက်ကြပြီး အလိုလျှောက်လိုက်နာလာကြလိမ့်မယ်လို့ထင်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ ကလေးတွေအတွက်အန္တရာယ်ရှိတဲ့၊ ပျက်စီးထိခိုက်နိုင်တဲ့၊ မလိုလားအပ်တဲ့အပြုအမူများနဲ့ သက်ဆိုင်ရာနေရာတွေမှာတင်းကြပ်တဲ့စည်းကမ်းတွေလိုအပ်နေတုန်းပဲဖြစ်ပါတယ်။
ကလေးတွေဟာညီအကိုမောင်နှမတွေရဲ့မကောင်းတဲ့အမူအကျင့်တွေကိုအတုယူတက်ကြပြီး မိဘတွေရဲ့တုန့်ပြန်မှုကိုအကဲစမ်းတတ်ကြပါတယ်။ အာဏာရှင်ဆန်ဆန်ထိန်းကွပ်မှုကတော့ ကလေးရဲ့တီထွင်ဖန်တီးမှုစွမ်းရည်နှင့် ကိုယ်ကိုကိုယ်ယုံကြည်မှုကိုလျှော့ပါးစေပါတယ်။ ခြောက်လှန့်လွန်းသော၊ ဝေဖန်ရှုံ့ချလွန်းသောမိဘရဲ့ကလေးဟာ စိတ်ဆိုးလွယ်တယ်၊ ရန်လိုတတ်ပြီး၊ ပျော်ရွှင်မှုကင်းမဲ့သွားတတ်ပါတယ်။
ကလေးတွေကိုလွှတ်ပေးထားလိုက်ရင်လဲ ကိုယ့်ဘာသာမထိန်းချုပ်တက်ဘဲဖြစ်သွားနိုင်ပါတယ်။ အလွန်အမင်းအလိုလိုက်ခြင်းဖြင့် ကလေးကသင့်ကိုပိုပြီးချစ်လာမှာမဟုတ်ပါဘူး။ သင်ကအလိုလိုက်လေလေပိုဆိုးလေဖြစ်ပါတယ်။ မိဘတွေအနေနဲ့ချစ်ခင်မှုကိုလည်းပြသလို လျှော်ညီတဲ့စည်းကမ်းကိုလဲကျင့်သုံးရမှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့သားသမီးကိုစည်းကမ်းချမှတ်မယ်ဆိုရင်သိထားသင့်တဲ့အချက်(၈)ချက်အကြောင်းကိုပြောပြချင်ပါတယ်။
၁။ ကလေးအတွက်ဘာတွေစည်းကမ်းသတ်မှတ်မယ်ဆိုတာကိုဆုံးဖြတ်ပါ။ကလေးနားလည်အောင်ပြောပြပါ။
၂။ စည်းကမ်းကိုချိုးဖောက်တဲ့အခါ အကျိုးဆက်အဖြစ်ဘာတွေဖြစ်မယ်ဆိုတာကိုပြောပြပါ။ ဥပမာ-အခြားကလေးတစ်ယောက်အပေါ်တက်ထိုင်မယ်ဆိုလျှင်အခြားသူဘယ်လိုနာကျင်သွားမယ်ဆိုတာကိုပြောပြပါ။
၃။ ကလေးကိုဆုံးမတဲ့အခါမှာ "သားရေသမီးရေဒီလုပ်ရပ်ကမှားတယ်"လို့ပြောပါ။ "မင်းတော်တော်ဆိုးပါလား တော်တော် ဆုံးမလို့ခက်တာပဲလို့" မပြောသင့်ပါ။ လုပ်ရပ်ရဲ့အမှန်နှင့်အမှားကိုသေချာမခွဲခြားပဲလူကိုရှုံ့ချခြင်းဟာကလေးရဲ့ပုံရိပ် အနာဂတ်ကိုထိခိုက်စေနိုင်ပါတယ်။
၄။ အမှားကိုထောက်ပြပြီး လုပ်သင့်တဲ့အခြားနည်းလမ်း အတွေးတွေကိုတွေးတောနိုင် အောင်သင်ပြပေးပါ။
၅။ ပြသာနာတစ်ခုကိုဘာကြောင့်ဖြစ်ရတယ် ဘာတွေမှားနေတယ်ဆိုတဲ့အကြောင်းတွေကိုမပြီးနိုင်မစီးနိုင်အကြာကြီးမပြောပါနဲ့။
၆။ ကလေးကိုရိုက်နှက်ခြင်းမပြုပါနှင့်။ ရိုက်ခြင်းဟာလတ်တလောမှာအကျိုးရှိသလိုထင်ရပေမယ့် ကြာရှည်မှာဆိုရင်အကျိုးအကြောင်းမညီညွတ်ဘဲ ကြောက်လို့သာစည်းကမ်းလိုက်နာရခြင်းမျိုးဖြစ်သွားပါလိမ့်မယ်။ ရိုက်နှက်ခြင်းလုပ်ရပ်ဟာပြသာနာဖြေရှင်းနည်းတစ်ရပ်လို့ကလေးများအမှတ်မှားသွားတက်ပါတယ်။
၇။ ခြိမ်းခြောက်ပြောဆိုခြင်းကိုလည်းမလုပ်သင့်ပါဘူး။ ကလေးတွေဟာခြိမ်းခြောက်တာကိုစိန်ခေါ်ခြင်းတစ်ရပ်လို့ယူဆတက်ပါတယ်။ မကောင်းတဲ့ပြုအမူကိုထပ်တလဲလဲလုပ်ခြင်အောင်ဖိတ်ခေါ်သလိုဖြစ်သွားပါလိမ့်မယ်။
၈။ ကောင်းတဲ့အပြုအမူအတွက်ဆုလာဒ်ချခြင်းဟာလဲရိုက်ခြင်းလိုပဲ ရေတိုမှာတော့အသုံးဝင်ပါတယ်။ ရေရှည်မှာဆိုရင်တော့ကလေးတွေဟာဆုလိုချင်လို့သာလုပ်ခြင်းဖြစ်ပြီး ကောင်းတဲ့အပြုအမူတွေကိုဘာကြောင့်လုပ်တယ်ဆိုတဲ့ သင်ယူမှုကိုမရရှိစေနိုင်တော့ပါဘူး။
ဖေဖေမေမေတို့လည်းဒီအကြောင်းအရာလေးဖတ်ပြီး ကလေးကိုစည်းကမ်းချမှတ်တော့မယ်ဆိုရင်သိထားရမယ့်အချက်တွေကိုနားလည်သဘောပေါက် မယ်လို့ ယုံကြည်ပါတယ်။
ရေးသားသူ- Kaung Myat Zaw ( Content Writer)