ကလေးငယ်လေးတွေ ဘာကြောင့် ရေကူးတတ်သင့်တာလဲ?
ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းကရေကူးသင်ပေးသင့်ပါသလား? ကလေးငယ်လေးတွေ ဘာကြောင့် ရေကူးတတ်သင့်တာလဲ?
ရေကူးသင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ရေကူးတတ်ခြင်းက ကလေး၏အသက်ကို ကယ်တင်နိုင်သော တစ်ခုတည်းသော အားကစားဖြစ်တာကြောင့် ဖြစ်ပါတယ်။ကလေးတွေကို ရေကူးတတ်ဖို့ သင်ယူသင့်တဲ့ အကြောင်းရင်းတွေကတော့ အများအပြားရှိပါတယ်။
ရေနစ်ခြင်းသည် ကလေးများထဲတွင် မတော်တဆ သေဆုံးမှု၏ အဖြစ်အများဆုံး အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နေဆဲ ဖြစ်သောကြောင့် ရေကူးတတ်ခြင်းသည် အသက်ကယ်နိုင်သော မရှိမဖြစ် ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ ရေကူးသင်ရခြင်း၏အဓိကရည်ရွယ်ချက်မှာ ကျွမ်းကျင်တဲ့ ရေကူးသမားဖြစ်ရန်မဟုတ်ပါဘူး ရေကိုမကြောက်တဲ့စိတ်နဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ ကလေးဖြစ်ဖို့သာအရေးကြီးလှပါတယ်။
ဒါကြောင့်မိဘများအနေဖြင့် မိမိကလေးကို ရေကူးတတ်စေဖို့ အခွင့်အရေးလေးတွေဖန်တီးပေးရပါမယ်။ရေကူးခြင်းသည် အသက်အရွယ်မရွေး လိုက်စားနိုင်သော အားကစားကောင်းတစ်ခုဖြစ်သည်ဆိုသော်လည်း ငယ်ရွယ်တဲ့ကလေးများအတွက် ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာများတွင်လည်း ပိုမို၍ ကောင်းမွန်ကြွယ်ဝတဲ့ အကျိုးကျေးဇူးများရရှိစေသည့်အပြင် တခြားတခြားသော လုပ်ဆောင်မှုများမှမရရှိနိုင်သည့် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။
ကလေးများအတွက် အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်စေသည့် ရေကူးခြင်း၏ နောက်ထပ်အကျိုးကျေးဇူးများကတော့....
ကာယလေ့ကျင့်ခန်းအတွက်အထောက်အကူဖြစ်ခြင်း
ရေကူးခြင်းသည် သင့်ကလေးငယ်များကို တစ်နှစ်ပတ်လုံး တက်ကြွလန်းဆန်းကျန်းမာစေသည့် ပျော်ရွှင်စရာကာယလေ့ကျင့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းသည် နှလုံးခုန်နှုန်းနဲ့အသက်ပြင်းပြင်းရှုရသောတခြားသောအားကစားများကဲ့သို့မဟုတ် နှလုံးအလုပ်လုပ်ရမှုအပေါ် အကျိုးသက်ရောက်မှု့အနည်းဆုံးသော လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ပါတယ်။ ခွန်အား၊ ခံနိုင်ရည်၊ လိုက်လျောညီထွေရှိမှု၊ ဟန်ချက်ညီမှုစသည်များအပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးများကိုပါရရှိစေပါတယ်။
နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူပြုခြင်း
နှလုံးသွေးကြောကျန်းမာရေးနှင့် ပတ်သက်လာလျှင် ရေကူးခြင်းသည် နှလုံးနှင့် အဆုတ်ကို ပိုမိုထိရောက်စွာ အတူတကွလုပ်ဆောင်နိုင်စေရန် ကူညီပေးသောအကောင်းဆုံးလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ ရေကူခြင်းသည် နှလုံးက ခန္ဓာကိုယ်အနှံ့ သွေးနှင့် အောက်ဆီဂျင်ကို ညှစ်ထုတ်ရန် ခက်ခဲစွာ လုပ်ဆောင်ရမှု တွေကိုလည်းလျော့ကျစေပါတယ်။
အဆုတ်စွမ်းရည်ကို အားကောင်းစေခြင်း
ရေကူးစသင်ခါစမှာ ရရှိတဲ့အကျိုးတွေထဲက အကြီးမားဆုံးတစ်ခုကတော့ အသက်ရှုလမ်းကြောင်းကို ထိန်းချုပ်နည်းဖြစ်ပြီး အဆုတ်စွမ်းရည်ကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ကို စုပ်ယူနိုင်ပြီး စွမ်းအင်ကို ပိုမိုထိရောက်စွာ ပေးစွမ်းနိုင်ပါတယ်။
အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
ရေကူးခြင်းသည် ကလေးတွေရဲ့ အစာခြေစနစ်ကို ပိုမိုကောင်းမွန်အောင်ကူညီပေးပါတယ်။
Stress နှင့် Anxiety ကို လျှော့ချပေးခြင်း
ရေကူးခြင်းက ခန္ဓာကိုယ်ကို အကျိုးပြုရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားတစ်မျိုးဖြစ်ပါတယ်။
မှတ်ဉာဏ်ကို တိုးတက်စေခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းသည် မှတ်ဉာဏ်နှင့် သင်ယူမှုနှင့်ဆက်စပ်နေသော ဦးနှောက်အစိတ်အပိုင်းကို အားကောင်းစေပါတယ်။ ဒါ့ကြောင့် ကလေးငယ်များကို လက်ပစ်ကူး၊ ဖားကူး၊ အလွတ်စတိုင်နှင့် လိပ်ပြာစသည့် ရေကူးနည်းစနစ်များကို သေချာစွာမှတ်သားစေခြင်းဖြင့် သင်ယူနိုင်စွမ်းမှတ်ဉာဏ်များကိုတိုးတက်ကောင်းမွန်စေပါတယ်။
အာရုံစူးစိုက်မှုကို တိုးတက်စေခြင်း
ရေကူးခြင်းသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပေါင်းစပ်ညှိနှိုင်းမှုများစွာ လိုအပ်ပါတယ်။ ခြေထောက်ကန်ခြင်းနှင့် လက်ဆွဲခြင်းတို့ကို အာရုံစိုက်ခြင်း၊ အသက်ရှုခြင်းတို့ကို ထိန်းချုပ်ခြင်း နှင့်အခြားအရာများကို အာရုံစူးစိုက်ကြရပါတယ်။။ ရလဒ်အနေဖြင့် ကလေးငယ်များက ၎င်းတို့၏ ရေကူးစွမ်းရည်ကို မြှင့်တင်ရန် အာရုံစိုက်လာကာ ထူးကဲသော ရလဒ်များကို စတင်မြင်တွေ့လာရခြင်းပဲဖြစ်ပါတယ်။အာရုံစူးစိုက်မှုကြောင့် အောင်မြင်နိုင်စွမ်းကိုလည်းရရှိမှု့ကိုခံစားသဘောပေါက်လာကြပါတယ်။
ဒါကြောင့် မေမေတို့ရေ ....
ကလေးတွေဟာ သူတို့ရဲ့ကြောက်စိတ်တွေကို ကျော်လွှားဖို့၊ရေကိုမကြောက်ပဲပျော်ပျော်ရွှင်ရွှင်ပျော်နဲ့ရေကူးတတ်ဖို့ကို ငယ်ရွယ်အချိန်အချိန်ကတည်းက လေ့ကျင့်ပေးသင့်ပါတယ်။ ကလေးများက သူတို့ကိုယ်တိုင်နှင့် သူတို့ရဲ့စွမ်းရည်များကို ယုံကြည်မှုရှိလာပြီး စိန်ခေါ်မှုတွေသင်ခန်းစာတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ငယ်ရွယ်စဉ်ကတည်းက သက်တောင့်သက်သာနဲ့ကျော်ဖြတ်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေကိုရရှိနိုင်ဖို့အတွက် ပံ့ပိုးမှုများထဲက ရေကူးခြင်းဟာ တစ်ခုအပါအဝင်မို့ မေမေတို့အနေနဲ့ သားသားမီးမီးလေးတို့ကို ရေကူးသင်ပေးကြရအောင်နော်....
ရေးသားသူ- Thae Nu Aung(Mom Content Writer)