{You are the best MOM} Vol.8

မောင်နှမတွေ ရန်ဖြစ်ငြင်းခုံခြင်းကို သူတို့ကိုယ်တိုင် ဖြေရှင်းခိုင်းခြင်းဟာ ကလေးတွေရဲ့ တဖက်သားအပေါ်စာနာစိတ်ပြုစုပျိုးထောင်ဖို့အခွင့်အလမ်း

မောင်နှမတွေစကားများရန်ဖြစ်ခြင်းဟာလည်း ကလေးတစ်ယောက်ထက်ပိုရှိတဲ့ မေမေတို့နေ့စဉ်နီးပါး ကြုံတွေ့ရမယ့် ပြဿနာတစ်ခုပါပဲနော်။ ကလေးတွေရဲ့ အငြင်းအခုံ၊ ငိုသံ၊ တိုင်တောသံတွေနဲ့  စိတ်တိုပြီး ဆူပူမိတဲ့မေမေတို့လည်း ရှိကောင်းရှိနိုင်ပါတယ်။ အသက်သိပ်မကွာတဲ့ ကလေးတွေမှာ မောင်နှမရန်ဖြစ်တာမျိုးတွေပိုအဖြစ်များတတ်ပါတယ်။ဒီပြဿနာကို မိခင်ကဘယ်လိုတုံ့ပြန်သင့်သလဲ? ကျွန်မတို့မိဘတွေဖြစ်တတ်တာကတော့ ကလေးတွေရန်ဖြစ်ငြင်းခုံရခြင်းရဲ့ အကြောင်းအရင်းကို သေချာမသိပဲ “သားကတော့ အကြီးဖြစ်လို့အလျော့ပေးလိုက်စမ်းပါ” “ သမီးကတော့ အကြီးဖြစ်လို့သည်းခံလိုက်ပါ” စသည်ဖြင့် အကြီးဖြစ်သူကိုပဲ ဆူမိတာမျိုးပါ။ဒီလိုပြောလိုက်လို့ ကလေးတွေရဲ့ ရန်ဖြစ် ငြင်းခုန်ခြင်းဟာ ရပ်မသွားပါဘူး။

ကလေးတွေကိုယ်တိုင် ဘယ်လိုဖြေရှင်းမယ်ဆိုတာ အခွင့်အရေးပေးပြီး စောင့်ကြည့်ပေးခြင်းဟာ ကောင်းသောနည်းလမ်းတစ်ခုပါ။မောင်နှမတွေ ရန်ဖြစ် ငြင်းခုံခြင်းဟာလည်း ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုလက္ခဏာတစ်ခုဖြစ်ပါတယ်။ကလေးငယ်တွေ ရန်ဖြစ်ခြင်းသည် ကစားစရာလုခြင်း၊ တဖက်သားပေါ်လက်ပါမိခြင်း စတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ်။မကြာခဏဆိုစလို ဒီလိုအကြောင်းအရင်းတွေကနေ အစပြုပြီးဖြစ်ကြတာများပါတယ်။ကလေးတွေကို ရန်ဖြစ်စရာမလိုပဲ တစ်ယောက်နဲ့ တစ်ယောက်ပျော်အောင် ဘယ်လိုအတူတူသင့်သင့်မြတ်မြတ်ကစားကြမယ်ဆို တဲ့နည်းလမ်းတွေကို ကလေးတွေကို အတူတူအဖြေရှာခိုင်းပါ။ ဥပမာ- ကစားစရာလုလို့ဖြစ်တာမျိုးဆိုရင် “ကိုကိုကစားနေတာကို သားကသွားလုတာမျိုးမလုပ်ပဲ ကိုကိုခဏပေးငှားပါလို့ ခွင့်တောင်းတာမျိုးလုပ်ရင် ရန်ဖြစ်စရာမလိုပဲ အတူတူဆော့လိုရတာပဲ” စသည်ဖြင့်မေမေတို့က ပြောပြပေး အကြံဥာဏ်ပေးပါ။

ကလေးတွေဟာ ၅နှစ်အရွယ်လောက်ကနေစပြီး တဖက်သားအပေါ်ကို စာနာနားလည်နိုင်တဲ့စိတ်ကလေးတွေ ဖွံ့ဖြိုးလာတဲ့ အတွက် တခြားသူတစ်ဉီး၏ ခံစားချက်ကိုနားလည်နိုင်ပါလိမ့်မယ်။ “သမီးက ညီမလေးဆွဲထားတဲ့ ပုံကို ရုပ်ဆိုးလိုက်တာ လို့ပြောရင်သမီးကောသူ့နေရာမှဆို ဘယ်လိုနေမလဲ” စသည်ဖြင့် ပြောပြပေးပါ။နောက်ပိုင်းမှာ မောင်နှမ အချင်းချင်း ရန်ဖြစ်အငြင်းအခုံတွေလည်း ကိုယ်တိုင်ဖြေရှင်းလာနိုင်ပြီး၊ တဖက်သားအပေါ် ကိုယ်ချင်းစာတဲ့ စိတ်ကလေးတွေလည်းမွေးမြူလာကြပြီး အနာဂတ်မှာလည်း စိတ်ထားကောင်းမွန်ပြီး ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်တဲ့ သားသားမီးမီးလေးတွေအဖြစ်ပြုစုပျိုးထောင်နိုင်ကြပါလိမ့်မယ်နော်


Previous
Previous

ကလေးငယ်လေးတွေ ဘာကြောင့် ရေကူးတတ်သင့်တာလဲ?‌

Next
Next

ကလေးတွေကိုဖုန်းအသုံးပြုချိန်လျှော့ချဖို့အတွက်နည်းလမ်း