ကလေးငယ် နေမကောင်းဖြစ်တဲ့အခါထားရှိသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထား
ကလေးငယ် နေမကောင်းဖြစ်တဲ့အခါ မိဘတစ်ယောက်အနေနဲ့ ထားရှိသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထား
“လူတွေပဲ ဖျားမှာပေါ့၊ နေမကောင်းတော့ဖြစ်မှာပဲ”ဆိုတဲ့ သီချင်းစာသားလေးလိုပေ့ါ။ လူရယ်လို့ ဖြစ်လာရင် ဖျားနာတာမျိုးတော့ ဖြစ်လာနိုင်တာပဲ။ အထူးသဖြင့် နုနယ်တဲ့ ကလေးငယ်လေးတွေက ပိုပြီး အထိခိုက်မခံနိုင်ဘူးလေ။ နေမကောင်းဖြစ်ကြတာပေ့ါ။ ဘယ်လောက်ပဲ အနေအထိုင်၊ အစားအသောက်ကို ဂရုစိုက်ပေးနေပါစေ ၊ ဂရုစိုက်နေရင်းနဲ့ကို အကြောင်းအမျိုးမျိုးကြောင့် သင့်ကလေးလည်း နေမကောင်းဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ အထူးသဖြင့် သားဦးမိခင်၊ ဖခင်တွေဆိုရင် ပိုပြီးအစိုးရိမ်လွန် စိတ်ပူတတ်ကြပါတယ်။ ဒါကလည်း ဖြစ်တတ်ပါတယ်။ အတွေ့အကြုံမရှိတာရော၊ သားသမီးဇောနဲ့ ပူပင်ရတာမျိုးပေါ့။ ဒီလိုစိတ်ပူတာ ဘာမှမဖြစ်ပေမယ့် တစ်ခါတလေ လုပ်သင့်တာတွေကို ကောင်းစွာဆုံးဖြတ်ချက် မချနိုင်တာမျိုးတွေ၊ မစဉ်းစားနိုင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
၁။ အထိန်းအကွပ်လေးနဲ့ စိတ်ပူရအောင်ပါ
ဘယ်မိဘမဆို ကိုယ့်သားသမီးနေမကောင်းဖြစ်လာရင် စိတ်မပူတဲ့သူ မရှိပါဘူး။ ဒါပေမယ့် ကျွန်မတို့ အထိန်းလေးနဲ့ ပူရအောင်ပါ။ သူများကို အကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့ စာတွေဖတ်ထား၊ ဗဟုသုတရှိထားတဲ့ မိဘမျိုးဆိုရင်တောင် ကိုယ့်သားသမီးအလှည့်ကျ စိတ်အပူလွန်ပြီး ဘာလုပ်လို့လုပ်ရတော့မှန်းမသိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူတာကိုသိပြီး အသက်ကိုဝဝရှူ၊ စိတ်ထဲကနေ နံပါတ်စဉ်လေး ရေတွက်ပြီး စိတ်ကို တဖြေးဖြေး အေးအောင်လုပ်ပါ။
၂။ ကလေးအခြေအနေတွေအားလုံးကို မှတ်သားထားပါ။
၄နာရီတစ်ကြိမ် ကိုယ်အပူချိန်တိုင်းတာမျိုး၊ ဆီးဘယ်နှစ်ကြိမ်သွားတယ်၊ ဝမ်းဘယ်နှစ်ကြိမ်သွားတယ်၊ ဘာအရောင်တွေဆိုတာကစလို့ စားခဲ့တဲ့အစားအသောက်၊ လက်ရှိတိုက်နေသောဆေး၊ ဆေးပမာဏ၊ အန်တယ်ဆိုရင်လည်း ဘယ်နှစ်ကြိမ်အန်ခဲ့တယ် စသဖြင့်ကို စာအုပ်ထဲမှာ ရက်စွဲအလိုက် ချမှတ်ထားပါ။ နားလည်တတ်ကျွမ်းသော ဆရာဝန်နဲ့ ပြသတဲ့အခါ ပြန်ပြောပြပေးပါ။
၃။ နားလည်တတ်ကျွမ်းသော ကလေးအထူးကုနဲ့သာ ပြသပါ။
ကလေးအကြောင်း ကလေးဆရာဝန်ကသာ အသိနိုင်ဆုံးမို့ ဘေးပတ်ဝန်းကျင်ရဲ့ ဆေးမြီးတို၊ အိမ်က အဖိုးအဖွား၊ အဒေါ်တွေရဲ့ ဆေးမြီးတိုတွေနဲ့ မကုသပါနဲ့။
၄။ ဆေးရုံတက်ရမည်ဆိုပါက
အကယ်၍ သင့်ကလေးက ဆေးရုံတက်ပြီး ကုသမှုခံယူသင့်တယ်ဟု ဆရာဝန်မှ ဆုံးဖြတ်ချက်ချပါက အရမ်းထိတ်လန့်မသွားအောင် သတိနဲ့ထိန်းပါ။ ကလေးအတွက်လိုအပ်တဲ့ သင့်တော်တဲ့ အဝတ်အစား ( ရှေ့ရင်ကွဲအဝတ်အစားမျိုး)၊ စောင်၊ ခေါင်းအုံး၊ အထူးသဖြင့် ကလေးရဲ့ ဆေးစာအုပ်အားလုံး၊ ဆေးဝါးအားလုံးကို မပါမဖြစ်ထည့်ပါ။ နေ့ရက်တိုင်းလည်း အပေါ်မှာပြောသလို ကလေးရဲ့ အခြေအနေအားလုံးကို မှတ်သားထားပါ။
၅။ မတော်တဆ ခွဲစိတ်မှုလိုအပ်သော Case မျိုးဆိုလျှင်
ခွဲစိတ်ရမည်ဟု ဆရာဝန်ကဆုံးဖြတ်ပါက မိသားစုဝင်များနဲ့ ဦးဆုံးတိုင်ပင်ပါ။ လက်မှတ်ထိုးရမည့်နေရာတွင် စာကိုသေချာဖတ်ပြီးမှသာ ဆုံးဖြတ်ချက်ချပါ။
သားသမီးရဲ့ ရောဂါဝေဒနာ ပြင်းထန်လေ မိဘက ပိုပြီးစိတ်ပူပင်ကြရတာ ထုံးစံပါပဲ။ ဒါပေမယ့်လည်း ဒီလိုဖြစ်လေ မိဘက ပိုပြီးသန်မာမှဖြစ်မှာမို့ သတိလေးကပ်ပြီး အားတင်းကာ ကလေးကျန်းမာရေးအတွက် စာဖတ်တာ၊ နားလည်တတ်ကျွမ်းသူတွေရဲ့ ပြောစကားကိုသာ နားထောင်တာမျိုးတို့ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ရေးသားသူ- Chan Myae San(Mom Content Writer)